အမျိုးသားတွေ စိတ်ဓာတ်ကျတဲ့အခါ လက္ခဏာ ဘယ်လိုကွဲပြားသွားတတ်လဲ
စိတ်ဓာတ်ကျခြင်းလက္ခဏာ ဒါမှမဟုတ် စိတ်ကျရောဂါ (Depression) ဆိုတာ စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စိတ်ပျော်ရွှင်မှုမရှိခြင်း၊ စိတ်အားထက်သန်မှု၊ တက်ကြွမှုနည်းခြင်း၊ အစာစားချင်စိတ်မရှိတော့ခြင်း၊ အိပ်ချင်စိတ်မရှိခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း စတဲ့လက္ခဏာတွေဟာ စိတ်ကျရောဂါဖြစ်နေသူတွေမှာ အတွေ့များတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
လိင်ကွဲပြားမှုဟာ စိတ်ဓာတ်ကျတဲ့အခါ ခံစားရတဲ့လက္ခဏာ ကွာခြားသွားနိုင်လား။
အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်တွေးခေါ်မှုပုံစံနဲ့ မော်လီကျူးလုပ်ဆောင်ပုံတွေ ကွဲပြားတာကြောင့် စိတ်ကျရောဂါအပြင် တခြားသော စိတ်ရောဂါတွေ ဖြစ်တဲ့အခါ ခံစားရတဲ့ ဝေဒနာနဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေ အနည်းငယ်ကွဲပြားသွားနိုင်ပါတယ်။ ဦးနှောက်ဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုအပြောင်းအလဲ၊ တွေးခေါ်မှုပုံစံ၊ စိတ်သဘောထားခံယူချက် စတာတွေအပေါ် သက်ရောက်မှုရှိပြီး မျိုးရိုးဗီဇမျိုးကွဲတွေဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲမှာ တည်ရှိနေပါတယ်။ မျိုးရိုးဗီဇချင်း တူနေရင်တောင် ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဦးနှောက်အာရုံကြောစနစ် ကွဲပြားမှုရှိတဲ့အတွက် တချို့သောလက္ခဏာတွေမှာ ဆန့်ကျင်ဘက်ပုံစံမျိုး ဖြစ်သွားနိုင်ပါတယ်။
အမျိုးသားတွေ စိတ်ဓာတ်ကျရင် အဖြစ်များတဲ့ လက္ခဏာတွေ
· အရက်နဲ့ အခြားသော မူးယစ်ဆေးဝါး သုံးစွဲမှု ပိုများတာ
· ဒေါသကြီးပြီး အမျက်ထွက်၊ ပေါက်ကွဲလွယ်တာ
· အန္တရာယ်ဖြစ်နိုင်ခြေပိုများတဲ့ အပြုအမူတွေကို ပိုလုပ်တတ်တာ
· ကိုယ့်ကိုယ်ကို ဒဏ်ပိစေတဲ့ အလုပ်တွေကို ပိုလုပ်တာ
· စိတ်ဓာတ်ကျတယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို အသိအမှတ်မပြုဘဲ ရှောင်ပြေးနေတတ်တာ
· မိမိကိုယ်ကို အပြစ်တင်စိတ်ထက် တခြားသူကို ပိုပြီးအပြစ်တင်တတ်တာ
· စိတ်ဖိစီးမှုကို ကုသလေ့၊ သက်သာအောင် လုပ်ကျင့်မရှိတဲ့အတွက် ခန္ဓာကိုယ်တွင်းမှာ စိတ်ဖိစီးမှုဟော်မုန်း ပိုများပြီး ဒဏ်ပိုခံရတာ
· တခြားသူတွေအနေနဲ့ ယောက်ျားလေးတွေရဲ့ စိတ်ကျရောဂါပြဿနာကို သိနိုင်ဖို့ ပိုခက်ခဲတာ
· ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်လိုစိတ် ပိုများတာ စတာတွေပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ စိတ်ဓာတ်ကျတဲ့အခါ အမျိုးသားတွေနဲ့ ဘယ်လိုကွာခြားသွားနိုင်လဲဆိုရင်
· အတွေးနယ်ချဲ့ပြီး ယုန်ထင်ကြောင်ထင် လျှောက်တွေးနေတတ်တာ
· မိမိကိုယ်ကို ပိုပြီးအပြစ်တင်တတ်တာ
· သေကြောင်းကြံစည်တာမျိုးထက် ကိုယ့်အသားနာကျင်အောင်၊ ထိခိုက်စေအောင် ဒုက္ခပေးတာ
· ကိုယ့်ကိုယ်ကို ချစ်ခင်စိတ်၊ တန်ဖိုးထားစိတ် နည်းလာတာ
· အကြောင်းမရှိဘဲ ဝမ်းနည်းတာ၊ ငိုကြွေးတာ
· ယောက်ျားလေးတွေထက် စိတ်ဓာတ်ကျနိုင်ခြေ ပိုများပြီး၊ စိတ်ညစ်စရာအခြေအနေတွေအောက်မှာ စိတ်ထိခိုက်နိုင်ခြေ ပိုများတာ
· ဟော်မုန်းကမောက်ကမ ပိုဖြစ်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်းတွေ များလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု၊ ပြောင်းလဲမှုတွေ ဖြစ်လာတာ
· အစာစားသောက်မှုပုံစံ မမှန်ကန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတာ
· အပြင်ပိုင်းပုံစံအရ ကိုယ့်မှာ စိတ်ဓာတ်ကျနေမှန်း တခြားသူတွေ သိဖို့ပိုလွယ်တာ
· စိတ်ဓာတ်ကျနေပြီဆိုတဲ့ အဖြစ်ကို လက်သင့်ခံနိုင်ပြီး ကုသဖို့အတွက် အကူအညီတောင်းခံဖို့ ပိုလွယ်တာ စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
ယောက်ျားလေးတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လာရင် မိန်းကလေးတွေလောက် စိတ်ဓာတ်ကျနိုင်ခြေ မများပေမဲ့ ကိုယ့်ရဲ့ အခြေအနေအမှန်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံခြင်း၊ ကုသမှုခံယူခြင်းမရှိတာကြောင့်လည်း ထိခိုက်နိုင်ခြေ၊ အသက်သေဆုံးနိုင်ခြေ ပိုများပါတယ်။
အကယ်လို့ ကိုယ့်အနေနဲ့ စိတ်ဓာတ်ကျနေပြီ၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ စိတ်ခံစားမှုအခြေအနေတွေကို ကြုံတွေ့ခံစားနေရပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်နဲ့ သေချာပြကြည့်ပြီး အကူအညီတောင်းကြည့်သင့်ပါတယ်။
၁။ ကိုယ်ချစ်ရသူမိသားစုတွေနဲ့ သေချာတိုင်ပင်ရင်ဖွင့်ပါ။
၂။ စိတ်ရောဂါကုဆရာဝန်တွေရဲ့ ဖုန်းနံပါတ်ကို အရေးပေါ်ဆက်သွယ်ဖို့ တောင်းထားပါ။
၃။ ကိုယ့်ရဲ့အခြေအနေကို အမှန်အတိုင်း ဝန်ခံပါ။
၄။ စိတ်ထွက်ပေါက်ဖြစ်စေမယ့်အရာတွေကိုပဲ လုပ်တာထက် ကိုယ့်ပြဿနာကို ထိပ်တိုက်ဖြေရှင်းဖို့ ကြိုးစားပါ။
၅။ ကိုယ့်အားနဲ့ မလုပ်နိုင်တဲ့အရာတွေကို တခြားသူတွေရဲ့ အကြံဉာဏ်တွေနဲ့ပါ ပူးပေါင်းပြီး လုပ်ကြည့်ပါ။
စိတ်ကျန်းမာရေးပြဿနာဟာ ယောက်ျားလေးတွေမှာ အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်လာတဲ့အခါမှာလည်း ထိခိုက်နိုင်ခြေပိုများတာကြောင့် သတိထားဖို့တော့ အရေးကြီးပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်